နေပြည်တော်၊ ဧပြီ ၇ ။
၂၀၂၃ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်ကို ဧပြီလ (၇) ရက် ယနေ့ ညနေ (၄) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ စုံညီခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ၎င်းတို့၏ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာတို့၏ရိုးရာ အစဉ်အလာအရ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော် အခါသမယတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့်အတူ အတာသင်္ကြန်ပွဲတော်ကျင်းပဆင်နွှဲနိုင်မှုအခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ဦးဆောင်မှုဖြင့် ဌာန၏ရည်မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ယခုမဟာသင်္ကြန်ကာလ၌ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် မိမိတို့၏ပင်ပန်း နွမ်းနယ်မှုများအား အတာရေဖြင့်ပက်ဖျန်းကာ လန်းဆန်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရေး၊ နောင်လာမည့်နှစ်သစ်တွင် နိုင်ငံတော်အတွက် ပေးအပ်သည့် တာဝန်များကို စွမ်းအားပြည့်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် နှစ်သစ်တွင်ဝန်ထမ်းများအားလုံး ချမ်းမြေ့ပျော်ရွှင်စွာ နိုင်ငံ့အကျိုးသည်ပိုး နိုင်ရေးစသည်ဖြင့် နှစ်သစ်ဆုမွန်ကောင်းများဖြင့် အကျယ်တဝင့်ရှင်းလင်း အမှာစကားပြောကြားသည်။
ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့်ကပြ၍အခမ်းအနား ကိုဖွင့်လှစ်ပေးရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများ၊ ယိမ်းအကအလှများ ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အတာသင်္ကြန်ပွဲတော်ကို ရုံးအဆောက်အဉီရှေ့၌ ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများအား ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက စတုဒီသာစားသောက်ဖွယ်ရာများ ကျွေးမွေးကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အတာရေဖြင့် ပက်ဖျန်း၍ ပျော်ရွှင်စွာရေသဘင်ပွဲဆင်နွှဲကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလည်း ကြည့်ရှုအားပေးပြီး အတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။