
နေပြည်တော်၊ စက်တင်ဘာ ၁၆။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ (၁၅) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲသို့ သွားရောက်ရာ ဌာနခွဲခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာဆွေနှင့် လုပ်ငန်းတာဝန်ခံများက မြန်မာနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာသက်တမ်းတိုးမြှင့်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ သီလဝါဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) တို့၌ နေထိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR) ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံခြားသားမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်း တိုးခြင်းကိစ္စရပ်များနှင့် နိုင်ငံခြားသားထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင် ရေး၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေးနှင့်လုံခြုံရေးသတိအမြဲရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီသည် ကွန်ပျူတာခန်းအတွင်း နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်းဇယားများ ဖြည့်သွင်းနေမှုနှင့် Online မှတစ်ဆင့် ရုံးချုပ်သို့ စာရင်းဇယားများပေးပို့နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) သို့သွားရောက်ရာဧည့်ခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက ဒီဂျစ်တယ်မှတ်တမ်းတင်ခြင်းစနစ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများအား နည်းပညာ ဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ရာ စနစ်တကျ အလေးဂရုပြု ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်ခန်းမဆောင်အတွင်း ခေတ်အဆက်ဆက်ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်ဆိုင်ရာမှတ်တမ်းမှတ်ရာများ၊ အထောက်အထားအချက်အလက်များအား ခန်းမဆောင်အတွင်း၌ ဝန်ထမ်းများက နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာန၌ မှတ်တမ်းများထိန်းသိမ်းထားရှိမှုအခြေအနေများ၊ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေရရှိရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။




