ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ စိန်ခေါ်မှုများရှိနေသော်လည်း မဖြစ်မနေပြီးမြောက်အောင်မြင်အောင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ စိန်ခေါ်မှုများရှိနေသော်လည်း မဖြစ်မနေပြီးမြောက်အောင်မြင်အောင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း။

နေပြည်တော်၊ ဧပြီ ၂၆ ။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ (၂၆) ရက်၊ မွန်းလွဲ (၂) နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင်  ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများရှိသကဲ့သို့ တစ်ချို့လုပ်ငန်းများမှာ လုပ်ငန်းအချိန်ဇယားအရ သတ်မှတ်ကာလရောက်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပုံမှန်ကျင်းပခဲ့သည့်အတွက် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက်လည်း ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့်ကောက်ယူမည်ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်တွင်ပါဝင်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးသည် ပြည်သူလူထုပူးပေါင်းပါဝင်မှုက အဓိကကျသည့်အတွက် သန်းခေါင်စာရင်းအကြောင်းနှင့် အကျိုးကျေးဇူးများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးရေးနှင့် လှုံ့ဆော်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များအပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန်လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းနှင့်ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကိုအခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် CAPI စနစ် ပြင်ဆင်တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင်များ၊ သင်တန်းလမ်းညွှန်စာစောင်များပြုစုခြင်းတို့ကိုလည်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး အသေးစိတ်လုပ်ငန်းအစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့အချိန်နှင့် တစ်ပြေးညီထပ်ဆင့် ညွှန်ကြားဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် နည်းပညာလိုအပ်ချက်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားသောနယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် နယ်မြေဒေသအားလုံးကို လွှမ်းခြုံနိုင်ရေး၊ လူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများအရ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြေပြင်ကွင်းဆင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနေသော်လည်း မဖြစ်မနေပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် တာဝန်ရှိသူအားလုံးက ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခု စိုက်ထူမှတ်ကျောက်တင်နိုင်ရေးအတွက် တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများကိုလည်းကောင်း၊ ‌နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ် စာရင်းကောက်များဖွဲ့စည်းမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးကြ ပြီးနောက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်မည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဖြည့်စွက်ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သတ်မှတ်လုပ်ငန်းအချိန်ဇယားနှင့်အညီ လုပ်ငန်းစဉ်အဆင့်အလိုက် ပြီးစီးအောင်မြင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ပါသည်။