ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ဆောင်ရွက်ထုတ်ပေးမှုနှင့် သန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး။

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ဆောင်ရွက်ထုတ်ပေးမှုနှင့် သန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး။

နေပြည်တော်၊ အောက်တိုဘာ ၇ ။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့သို့ သွားရောက်၍ ကလောမြို့၊ အမှတ် (၁) နှင့် (၅) ရပ်ကွက်သို့  စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မေးခွန်းများအား တစ်အိမ်တက်ဆင်း မေးမြန်း ကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကလောမြို့၊ မြို့မကျောင်းတိုက်သို့သွားရောက်၍ ဓမ္မာရုံအတွင်း၌ မြို့မကျောင်းတိုက်ဆရာတော်အား ဖူးမြှော်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ကလောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ရေဘေးဒဏ်ကြောင့် ပျက်စီးပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ မြို့နယ်စာရင်းစစ် ၊ စာရင်းကောက်များက Mobile Tablet များဖြင့် ရေဘေးသင့် ပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့်  မေးမြန်းကောက်ယူနေမှုကိုလည်းကောင်း၊ ရေဘေးကြောင့်ပျောက်ဆုံးသွားသည့် e-ID စနစ်ဖြင့် ထုတ်ပေးထားသော Unique ID နံပါတ်ပါ စာရွက်များအား e-ID Sever ဖြင့် တိုက်ဆိုင်စိစစ်၍ ပြန်လည်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လှူဒါန်းသည့် သန်းခေါင်စာရင်းအင်္ကျီများနှင့် အသုံးအဆောင်ပစ္စည်းများကို  ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ကာ  ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင် ပြည်သူများထံပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၌ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ဒေသခံပြည်သူများအား ကောက်ကွက်အလိုက် တစ်အိမ်တက်ဆင်းဖြင့် သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်များက သတ်မှတ်ကောက်ကွက်များအလိုက် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို မေးမြန်းကောက်ယူလျက်ရှိရာ ကလောမြို့နယ်အတွင်း ကောက်ကွက် (၄၁၆) ကွက်အား မြို့နယ်စာရင်းစစ်၊ စာရင်းကောက် (၁၆၈) ဦးတို့က တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူလျက် ရှိကြောင်းသိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရာဂီမုန်တိုင်းဒဏ်သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဖြစ်ပွားခဲ့သည့် ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေး၍  တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။  

ထို့နောက် ဒုတိယဝန်ကြီးသည် ရုံးခန်းမအတွင်း ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအားတွေ့ဆုံကာ ရေများပြန်လည်ကျဆင်းပြီဖြစ်သည့်အတွက် ရုံးများပြန်လည် သန့်ရှင်းရေးနှင့်လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရေး အခြေအနေ၊ ယခုကာလသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေချိန်ဖြစ်သည့်အားလျော်စွာ လုပ်ငန်းများအောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ကြရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရေးဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။