
မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအဖြစ်အသုံးပြုရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ်အဆင့်ဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ Video Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အခြားသော လူဦးရေစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့်မတူညီဘဲ အချိန်ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေများစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သန်းခေါင်စာ ရင်းစီမံကိန်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ စီမံချက်ပါ လုပ်ငန်းစဉ် တစ်ဆင့်ချင်းအလိုက် အချိန်ဇယားသတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို (၃၆) လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် GIS နည်းပညာဖြင့် သန်းခေါင်စာရင်းမြေပုံများနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် Application ရေးသားခြင်း၊ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်းနှင့် နည်းပြသင်တန်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ အဆင့်ဆင့်ဖွင့်လှစ်ခြင်း၊ လုပ်ငန်းသုံး Mobile Tablet, Server နှင့် Computer များ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်း/ဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုအသိပညာပေးအစီအစဉ်များ ကျင်းပပြုလုပ်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်စွာကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်ကို သုံးသပ်နိုင်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည် များလည်းရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း မြေပြင်အမှန် ရသမျှ စာရင်းကောက်ယူရန် လမ်းညွှန်ထားခြင်းကြောင့် အတတ်နိုင်ဆုံး မြေပြင်တွင်ရှိသည့် လူဦးရေများ ရနိုင်သမျှ ကောက်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်း စသည့် အချက်အလက်များကို ရရှိမည်ဖြစ်ရာ နိုင်ငံတော်အတွက် လိုအပ်သည့် အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အချက်အလက်များကို ဝန်ကြီးဌာန/အဖွဲ့အစည်းများအတွက်သာမက နိုင်ငံတော်အစိုးရ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ လူမှုစီးပွားဘဝ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း၊ စာရင်းအင်းဆိုင်ရာ အညွှန်းကိန်းအသုံးပြုသူများအတွက်လည်းကောင်း ထိရောက်စွာ အသုံးပြု နိုင်မည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် လိုအပ်သည့်ကဏ္ဍများ၌ အလျင်အမြန်အသုံးပြုနိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ သန်းခေါင် စာရင်းရှေ့ပြေးရလဒ်များကို ယခုကဲ့သို့ ပထမအဆင့်အနေဖြင့် ထုတ်ပြန်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် အသေးစိတ်ဆန်းစစ်လေ့လာမှုများ၊ စာရင်းအင်းများပါဝင်သည့် ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသနစာတမ်း များကိုလည်း ဆက်လက်ပြုစု၍အဆင့်ဆင့် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကြောင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ်များရှိသကဲ့သို့ လုံးဝမကောက်ယူနိုင်သည့် မြို့နယ်များလည်းရှိပါကြောင်း၊ မကောက်ယူနိုင်သည့် ဒေသများတွင် ရှိသည့်လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာ အကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းများ စသည်တို့ကို အသုံးပြု၍ ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းက ရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ (၅၁၃၁၆၇၅၆) ဦး ဖြစ်ကြောင်းကို အသိပေးကြေညာအပ်ပါကြောင်း၊ ယင်းစာရင်းမှာ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂၁၉၁၄၀၇) ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေ (၁၉၁၂၅၃၄၉) ဦးတို့ဖြစ်ပါကြောင်း ၊ ယင်းတို့အနက် အမျိုးသား (၁၅၁၀၅၂၁၅)ဦး၊ အမျိုးသမီး (၁၇၀၈၆၁၉၂) ဦး ဖြစ်ပြီး၊ အမျိုးသား(၄၆.၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၅၃.၁)ဖြစ်ပါကြောင်း၊ လူဦးရေ အချိုးကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄.၄) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် (၀.၆) ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ (၇.၇) သန်း သာရှိပြီး ၁၉၀၁ ခုနှစ်တွင် (၁၀.၅)သန်း ၊ ၁၉၂၁ ခုနှစ်တွင် (၁၃.၂)သန်း ၊၁၉၇၃ခုနှစ်တွင် (၂၈.၉) သန်း၊ ၁၉၈၃ ခုနှစ်တွင် (၃၅.၃)သန်း အထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် (၅၁.၅)သန်းရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁.၃) သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် (၁၀)နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရပါကြောင်း၊ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့် အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတကာအကူအညီမပါဘဲ နိုင်ငံတွင်းရှိ လူ့စွမ်းအားအရင်းမြစ်၊ ဘဏ္ဍာငွေအရင်းမြစ်များဖြင့် အခက်အခဲ၊ စိန်ခေါ်မှုတွေကြားမှ အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်အတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မြေပြင်စာရင်းကောက်ယူရာ၌ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့် တို့မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာနယ်မြေဒေသအသီးသီးမှ အုပ်ချုပ်ရေးအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်းပါဝင်ခဲ့ကြသည့် ဝန်ထမ်းများ၊ သန်းခေါင်စာရင်းမေးခွန်းများကို စိတ်ပါဝင်စားစွာ ပူးပေါင်းဖြေဆို ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်သူများအားလုံးကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်က အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် တေးရေး သိန်းရွှေဝင်း၏ “နိုင်ငံ့အကျိုးမျှော်ကိုးရည် သန်းခေါင်စာရင်းကောက်ကြမည်” သီချင်း ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းနှင့် ယနေ့ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြည်သူ့ အင်အားဦးစီးဌာန၏ Website www.dop.gov.mm တွင် ရယူကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။