ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည့်အခြေအနေများကိုဆွေးနွေးပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည့်အခြေအနေများကိုဆွေးနွေးပြောကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းနှင့်အဖွဲ့အား ဩဂုတ်လ ၁၉ ရက်၊ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းက  ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ အနေဖြင့် ရှေးယခင်ကပင် အိမ်နီးချင်းကောင်းပီသစွာဖြင့် နှစ်နိုင်ငံအကျိုးကို ရှေ့ရှုကာ လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်နိုင်ငံပြည်သူများ နယ်စပ်ဒေသများမှ ဝင်ထွက်လာမှုအဆင်ပြေစေရေး၊ နှစ်နိုင်ငံပြည်သူများ ပြည်ဝင်ဗီဇာနှင့် နေခွင့် ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံ အတွင်း စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း အနေဖြင့် ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းထားရှိမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊ အဖွဲ့ဝင်များက နှစ်နိုင်ငံအကျိုးအတွက် နှစ်နိုင်ငံအသင်းတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဝန်ကြီးဌာနအနေဖြင့် ယင်းလုပ်ငန်းစဉ်အပေါ် ကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝန်ကြီးဌာနနှင့်ပတ်သက်သည် များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။