ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆွေးနွေးပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆွေးနွေးပြောကြား။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စက်တင်ဘာလ ၂၅ ရက်၊  ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ဂေဟာရှိ ဧည့်ခန်းမ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်ကော်မတီဝင်များအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာပြုစုနိုင်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေး ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ရွေးကောက်ပွဲမကျင်းပမီ ကြားကာလအတွင်း လူဦးရေပြောင်းလဲမှုဖြစ်စဉ်များအပေါ် ဆောင်ရွက် ရမည့် လုပ်ငန်းအစီအစဉ်များ၊ ဧရာဝတီတိုင်းဒေသကြီး၏ အတည်ပြုလူဦးရေစာရင်းအခြေအနေ၊ ပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများ စိစစ်ပြန်ကြားနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း မဲစာရင်းတွင်ပါရှိရေး၊ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ဝင်များနှင့် ဆက်စပ်ဌာနများမှ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါဝင်ရေးအတွက် စနစ်တကျစိစစ်ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် နေမှု၊  ဧရာဝတီတိုင်းဒေသကြီးအတွင်း  မဲစာရင်းမှန်ကန်ရေးအတွက် လက်ရှိစိစစ်ဆောင်ရွက် နေမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များ စိစစ်ဆောင်ရွက်နေမှု၊ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။