ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများ၊ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရုံးစာရွက်စာတမ်းများ၊ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထား ရှိမှုကြည့်ရှုစစ်ဆေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများ၊ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရုံးစာရွက်စာတမ်းများ၊ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထား ရှိမှုကြည့်ရှုစစ်ဆေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ (၂၄) ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနက် အသက်ပြည့်မီ ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် နိုင်ငံသာကတ်ပြား ပျောက်ပျက်၊ မိတ္တူ လာရောက်လျှောက်ထားသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက် ဆောင်ရွက် ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဝန်ထမ်းများက လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက် နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်  ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့နယ်ရုံးအတွင်း ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် ရုံးလက်ခံ   နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပါ အချက်အလက်များအား ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် Online စနစ်ဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး   One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ်ပါ ကတ်ပြားများကို ကာယကံရှင်တစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြောင်းမြမြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို  မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ ပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ရှိ အာဇာနည်ပရိယတ္တိစာသင်တိုက် သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကရုဏိကအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။