အွန်လိုင်းမီဒီယာအသုံးပြုသူများသိရှိစေရန်ထုတ်ပြန်ခြင်း

အွန်လိုင်းမီဒီယာအသုံးပြုသူများသိရှိစေရန်ထုတ်ပြန်ခြင်း

     အွန်လိုင်းမီဒီယာအသုံးပြုသူများသိရှိစေရန်ထုတ်ပြန်ခြင်း

၁။ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ရာတွင် တရားမဝင် အခကြေးငွေရယူ၍ ပွဲစားအဖြစ် ဆောင်ရွက်နေသော အကောင့်များပါဝင်သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူလူထုအား အထင်အမြင်မှားစေသည့် ပြောဆိုချက်များပါဝင်သည့် Shwe Yamin (@shwe.yamin297) အကောင့်ကိုပါ ထည့်သွင်းထုတ်ပြန်ခဲ့ပါသည်။

၂။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်မူဝါဒများအား တိကျစွာ ထုတ်ပြန်ထားသကဲ့သို့ မည်သို့ပြုလုပ်မည်ကို ပြည်သူလူထုအနေဖြင့် ရှင်းလင်းစွာသိရှိစေရန် ရည်ရွယ်၍ သက်ဆိုင်ရာရုံးများတွင်လည်း Vinylများ ချိတ်ဆွဲခြင်း၊ Pamphet များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။

၃။ သို့ရာတွင် အချို့ရုံးများ၌ ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲ ပွဲစားများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ခဲ့သောကြောင့် မလိုလားအပ်သည့် အုပ်ချုပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်၍လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပွဲစားများနှင့်ပါဝင်ပတ်သက်ခဲ့သည့် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၄။ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသစ် တာဝန်ယူသည့်ကာလ၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေအရ အကျုံးဝင်သည့် ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာရရှိစေရန် လမင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် ကာလဖြစ်ပါသည်။

၅။ သို့ရာတွင် Shwe Yamin (@shwe.yamin297) အနေဖြင့် ယင်း၏မူလတာဝန်ဖြစ်သော Kyaw ကား/ဆိုင်ကယ် မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းကြော်ငြာမှုအား ကျော်လွန်၍ ဝန်ကြီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းထုတ်ပြန်ထားခြင်းများအား မျက်ကွယ်ပြုကာ မြန်မာလူမျိုးတို့အနေဖြင့် အိမ်ပိုင်ယာပိုင်မရှိသူများ၊ အိမ်ငှားဖြင့် နေထိုင်ကြသူများအနေဖြင့် အိမ်ထောင်စုဇယားမရတော့မယ့် အခြေအနေဖြစ်နေကြပြီ၊ ဘယ်လိုလုပ်ကြမလဲဟု ပြောဆိုရေးသားခဲ့ခြင်း၊ အခုရုံးပိုင်းဆိုင်ရာဆိုရင် ပေးသင့်တာပေး၊ ဝင်သင့်တာဝင်၊ ထွက်သင့်တာထွက်ဟုပြောဆိုခဲ့ခြင်းများသည် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက် (၁၀၀) လမင်းစီမံချက်အား ထိခိုက်ပါသည်။ သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် Shwe Yamin အကောင့်အား တရားဝင်ထည့်သွင်းထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၆။ ဝန်ကြီးဌာနဝန်ထမ်းများသည် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ဆောင်ရွက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဝန်ကြီးဌာနသို့ ဝန်ထမ်း၏ အမည်၊ ရုံးအမည် ဖြစ်ပွားသည့် အချိန်ကာလ၊ ဖြစ်စဉ်အကျဉ်းတို့ကို အထောက်အထားများဖြင့် တိုင်ကြားပါက    ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သတင်းခိုင်လုံမှုမရှိဘဲ အွန်လိုင်းမှထုတ်ပြန်မှုများအတွက် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန