
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို မေလ ၁၃ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာရင်းအင်းဆိုင်ရာ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ၊ မူဝါဒများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုမည့် အချက်အလက်များရရှိစေရန် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအများစုက (၁၀) နှစ်လျှင်တစ်ကြိမ် ကောက်ယူ ဆောင်ရွက်ကြပါကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကို အခြေခံ၍ ရှေ့ပြေးလူဦးရေစာရင်း၊ ပြည်ထောင်စုအစီရင်ခံစာ၊ အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများအစီရင်ခံစာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာများကိုလည်း ဦးစားပေးအလိုက် ရေးသားပြုစုထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ယခုအခါ သန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာ ထုတ်ပြန်ခြင်းဖြင့် ဒေသအလိုက် လူဦးရေပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားရေးကွာဟချက်များကို ဖော်ထုတ်နိုင်ပြီး စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုသည့် အစီအမံများ၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယင်းအစီရင်ခံစာတွင် ပဲခူးတိုင်းဒေသကြီး၏ လူဦးရေဆိုင်ရာ အချက်အလက်များအပြင် ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာ စသည့် အခန်းကဏ္ဍအလိုက် စုံလင်စွာ ပါဝင်ပါကြောင်း၊ ယင်းအချက်အလက်များသည် ဒေသ၏ လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေ ပြောင်းလဲလာမှု၊ မြို့ပြနှင့် ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ ပညာရေးအဆင့် အတန်း၊ လုပ်သားအင်အားနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ပြည်သူများ၏ လူနေမှု အဆင့်အတန်း စသည့် လက်ရှိကာလအခြေအနေကို ထင်ဟပ်ပေါ်လွင်စေပြီး အနာဂတ် ကာလ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုရမည့် အခြေခံအချက်အလက်များလည်းဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း သန်းခေါင်စာရင်းအချက်အလက် များကိုသုံးသပ်၍ ကုန်သွယ်ရေးနှင့် ဈေးကွက်ရှာဖွေမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပုံဖော်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမှ ဖော်ထုတ်ရရှိတဲ့အချက်အလက်များသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အမျိုးသားရေး ရည်မှန်းချက်များအတွက် လမ်းပြမြေပုံအဖြစ် ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာပါ သန်းခေါင် စာရင်းအချက်အလက်များကို အခြေခံအသုံးပြု၍ ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းချမှတ်သူများ၊ မူဝါဒရေးဆွဲသူများအနေဖြင့် ထိထိရောက်ရောက် အကျိုးရှိရှိအသုံးပြု ကြရန် တိုက်တွန်းရင်း ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာကို ယခုထုတ်ပြန်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် ယခုအစီရင်ခံစာပါ အချက်အလက်များကိုအခြေခံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံကာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေး နှင့် ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းဆိုင်ရာ တိုင်းဒေသကြီးအစီရင်ခံစာများကို လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ် ဦးစီးမှူးရုံး မှ ဝန်ထမ်းများက ဒေသခံပြည်သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဖြင့် UID ထုတ်ယူဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အားကစားခန်းမ အဝင်၌ ဧည့်ကြိုကောင်တာ ထားရှိဆောင်ရွက်နေမှုနှင့် ခန်းမအတွင်းရှိ နိုင်ငံသားဆိုင်ရာ လုပ်ငန်းများနှင့် UID ကောက်ယူရန် လာရောက်သည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြား မရရှိသေးသူများ၊ ပျက်စီး/ ပျောက်ဆုံးသူများ အား လုပ်ထုံးလုပ်နည်းနှင့် စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်းကောင်း၊ နိုင်ငံသားကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic ၊ Biometric ထုတ်ယူရန် UID တစ်ပါတည်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသူ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက် ဖြင့်နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသား ကတ်ပြားများနှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက် ၍ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံကာ နိုင်ငံတော်အစိုးရ ၏ ရက်(၁၀၀) ကာလအတွင်း ပြည်သူများ၏ လက်ငင်းဦးစားပေး လိုအပ်ချက်များအပေါ် လမင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူထုတ်ပေးခြင်း လုပ်ငန်းများ အောင်မြင်ရေးနှင့် ပြည်သူများအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ပြည်သူတို့၏ လိုအပ်ချက်ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။




