
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁ ရက် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အမှတ် (၂) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ သာကေတမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည်အဆိုပါကျောင်း၊ စိန်ညီလာခန်းမ အတွင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် မြို့နယ် အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများက အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူ များအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ UID ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် အသက် (၁၈) နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီးသူများအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။




