
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား ဩဂုတ်လ (၂၀) ရက်၊ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးရဲထွန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ (MoU) မူဘောင်အရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ UNHCR ၏နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေမှုနှင့် အခြေအနေပေးသည်နှင့် ပြန်လည်လက်ခံရန် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ UNHCR မှ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ကြီးဌာနနှင့် နီးကပ်စွာလက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။




