မြန်မာနိုင်ငံတွင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ

သန်းခေါင်စာရင်း (Census) ဟူသော ဝေါဟာရသည် Latin ဘာသာစကား “Censere” မှ ဆင်းသက် လာပြီး စစ်မှုထမ်းရန်၊ လုပ်သားအင်အားသိရှိနိုင်ရန်နှင့် အခွန်ကောက်ရန်တို့အတွက် ရည်ရွယ်ကောက်ယူ ခဲ့ကြခြင်းဖြစ်ပါသည်။ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (၂၀၀၉ ခုနှစ်) အရ လူဦးရေသန်းခေါင်စာရင်းဆိုသည်မှာ  သတ်မှတ် ထားသော အချိန်ကာလတစ်ခုအတွင်း နိုင်ငံတစ်ခု (သို့မဟုတ်) သတ်မှတ်ထားသော နယ်နိမိတ်တစ်ခု အတွင်းရှိ လူအားလုံး၏ လူဦးရေ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို စာရင်းကောက်ယူ ခြင်း၊ စုစည်းခြင်း၊ လေ့လာသုံးသပ်အကဲဖြတ်ခြင်း၊ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။

မြန်မာ့သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုပါက သာလွန်မင်း လက်ထက် မြန်မာသက္ကရာဇ် (၉၉၉) ခုနှစ်နှင့် ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် (၁၀၄၅) ခုနှစ်တွင် သန်းခေါင်စာရင်း သဘောသက်ရောက် သည့်စစ်တမ်းများကောက်ယူခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းစာရင်းများတွင် လူဦးရေအကြောင်းအရာ၊ အိမ်ခြေလယ်ယာမြေသီးနှံထွက်၊ အခွန်တော်ငွေစသည့် စာရင်းတို့ကို ကောက်ယူခဲ့ပါသည်။

မြန်မာနိုင်ငံတွင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ၏သမိုင်းကို ပြန်လည်လေ့လာလျှင် ပထမဆုံး သန်းခေါင်စာရင်းကို ဘီစီ (၅၀၀) ခန့်က တကောင်းဘုရင်မင်းဆက်၊ သတိုးသီဟမဟာဓမ္မရာဇာဘုရင် လက်ထက်တွင် စတင်ကောက်ယူခဲ့ကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ဗြိတိသျှအုပ်ချုပ်မှု အောက်တွင် ပထမဆုံးလူဦးရေသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအောက်ပိုင်းတွင် အိန္ဒိယသန်းခေါင်စာရင်း ၏အစိတ်အပိုင်းတစ်ခုအဖြစ် ၁၈၇၂ ခုနှစ်၌ ကောက်ယူခဲ့ပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ဆယ်နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းများ ပုံမှန်ကောက်ယူခဲ့ပါသည်။ ၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်လျှင်တစ်ကြိမ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများသည် မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံ အောင်ကောက်ယူနိုင်ခဲ့ပါသည်။ ဗြိတိသျှတို့နောက်ဆုံးကောက်ယူခဲ့သော ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းမှာ စာရင်းပြုစုစဉ်ကာလအတွင်းဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့၍ သန်းခေါင်စာရင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများ ဆုံးရှုံးပျက်စီးခဲ့ပါသည်။ စာရင်းကောက်ယူရရှိသော ခရိုင်အလိုက် ကျား၊ မ ရှေ့ပြေးလူဦးရေ စာရင်းကိုသာ ထုတ်ပြန်နိုင်ခဲ့ပါသည်။

အဆိုပါ သန်းခေါင်စာရင်းများကို ကောက်ယူရာတွင် အောက်ပါနည်းပညာများကို ပေါင်းစပ်အသုံးပြု၍ ကောက်ယူခဲ့ပါသည်-

(က)    အပြည့်အဝအုပ်ချုပ်နိုင်သည့်ဧရိယာနယ်ပယ်များတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ        (De-facto) တနည်းအားဖြင့် သန်းခေါင်စာရင်းညတွင် ရောက်ရှိနေသည့်အရပ်၌ စာရင်းသွင်း ကောက်ယူခြင်း၊

(ခ)      အပြည့်အဝအုပ်ချုပ်နိုင်ခြင်းမရှိသည့်ဧရိယာနယ်ပယ်များနှင့် လူဦးရေကျဲပါးသောနယ်ပယ်များတွင် နေမြဲအရပ်၌စာရင်းကောက်ယူသည့်မူ (De-jure) တနည်းအားဖြင့် သန်းခေါင်စာရင်းကောက်ယူသည့် အချိန်တွင် မည်သည့်နေရပ်၌ရှိစေကာမူ ၎င်းတို့နေမြဲအရပ်၌သာ စာရင်းသွင်းကောက်ယူခြင်း၊

(ဂ)      ကျန်အစိတ်အပိုင်းများတွင်ရှိသောလူဦးရေကို အုပ်ချုပ်ရေးဆိုင်ရာအရာရှိများမှ ခန့်မှန်းခြင်း၊

လွတ်လပ်ရေးရပြီးနောက် ကောက်ယူခဲ့သောသန်းခေါင်စာရင်းများ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သန်းခေါင်စာရင်း ကောက်ယူရန် ဆက်လက်ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် ပြည်တွင်းလုံခြုံမှုကန့်သတ်ချက် အခြေအနေ အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ယူရန်မဖြစ်နိုင်ခဲ့၍ အဆင့်ဆင့် ကောက်ယူရန်စီစဉ်ခဲ့ကြပါသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းတွင် မြို့ပြဒေသများကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီး ၁၉၅၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကျေးလက်ဒေသများ၏ (၁၅) ရာခိုင်နှုန်းသာလျှင် ကောက်ယူနိုင်ခဲ့ပါသည်။ ယင်းအစီအစဉ်အရ ၁၉၅၃ ခုနှစ်၊ မတ်လတွင် မြို့ပေါင်း (၂၅၂) မြို့နှင့် ချင်းပြည်နယ် (ပလက်ဝခရိုင်ခွဲ မှအပ) တို့တွင်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည်မ၌ ကျေးရွာအုပ်စု (၂၁၄၃) ခုနှင့် ကချင် ပြည်နယ်တွင် ကျေးရွာအုပ်စု (၁၀၁၆) ခု ကိုလည်းကောင်းကောက်ယူခဲ့ပါသည်။ ကျန်ဒေသများတွင် လုံခြုံမှုကန့်သတ်ချက်အရ ဆက်လက်ကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည့်စုံသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် ကောက်ယူနိုင်ခဲ့ပြီး နေမြဲအရပ်၌စာရင်းကောက်ယူသည့်မူ (De-jure) ကိုအသုံးပြုခဲ့ပါသည်။ အဆိုပါ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် နိုင်ငံဧရိယာ၏ (၈၅.၁) ရာခိုင်နှုန်း၊ စုစုပေါင်းလူဦးရေ၏ (၉၇.၁) ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ခဲ့သော်လည်း မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာများကို ထည့်သွင်းမေးမြန်းခြင်း မရှိခဲ့ပါ။

၁၉၈၃ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ထပ်မံကောက်ယူနိုင်ခဲ့ပြီး စုစုပေါင်းလူဦးရေ၏ (၉၆.၆) ရာခိုင်နှုန်းကိုလွှမ်းခြုံနိုင်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် မေးခွန်းပုံစံ (၂) မျိုး (မေးခွန်းပုံစံအတိုနှင့် မေးခွန်းပုံစံအရှည်) ကိုအသုံးပြုခဲ့ပြီး စုစုပေါင်းလူဦးရေ၏ (၈၀) ရာခိုင်နှုန်းကို မေးခွန်းပုံစံအတိုဖြင့်မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းပုံစံအတိုတွင် အခြေခံမေးခွန်းများဖြစ်သော အမည်၊ အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ၊ ကျား/မ၊ အသက်၊ အိမ်ထောင်ရေးအခြေအနေ၊ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာဆိုင်ရာ မေးခွန်းများပါဝင်ပါသည်။ ကျန် (၂၀) ရာခိုင်နှုန်းကို ကျပန်းစနစ် (Randomly) ဖြင့် ရွေးချယ်၍ မေးခွန်းပုံစံအရှည်ဖြင့် မေးမြန်းခဲ့ပါသည်။ မေးခွန်းပုံစံအရှည်တွင် အခြေခံမေးခွန်း (၇) ခုအပြင် လူဦးရေဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာနှင့် မွေးဖွားခြင်းဆိုင်ရာ ဝိသေသလက္ခဏာများကို မေးမြန်းထားသည့် မေးခွန်း (၁၁) ခုထပ်မံပါဝင်ပါသည်။

၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများတွင် နေမြဲအရပ်၌စာရင်းကောက်ယူသည့်မူ (De-jure) ကိုအသုံးပြုခဲ့ပြီး ဧပြီလ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်းကောက်ယူခဲ့ပြီး မတ်လ (၃၁) ရက်နေ့ည သန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန် (သန်းခေါင်စာရင်းည) အဖြစ်သတ်မှတ်ခဲ့ပါသည်။ စာရင်းကောက်အဖွဲ့များသည် စာရင်းကောက်ယူချိန်မတိုင်မီတွင် တောင်တန်းဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများဆီသို့ အရောက်သွားကြရ၍ လိုအပ်ပါက စာရင်းကောက်ကာလတိုးမြှင့်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြရပါသည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သော်လည်း ကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် နှစ်ပေါင်း (၃၀) ကြာမကောက်ယူနိုင်ခဲ့သော ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကောက်ယူခဲ့ပါသည်။ သန်းခေါင်စာရင်း မကောက်နိုင်သောကာလများတွင် မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစစ်တမ်းများ၊ မိသားစုနှင့် လူငယ်လူရွယ်စစ်တမ်း၊ လူဦးရေပြောင်းလဲမှုနှင့် မွေးဖွားမှုစစ်တမ်း များနှင့် အခြားသောလူဦးရေစစ်တမ်းများကို ပုံမှန်ကောက်ယူခြင်းဖြင့် နိုင်ငံတော်၏ မူဝါဒများချမှတ် နိုင်ရေးနှင့် စီမံကိန်းများရေးဆွဲနိုင်ရေးအတွက် လူဦးရေဆိုင်ရာ အချက်အလက်များ ပံ့ပိုးနိုင်ခဲ့ပါသည်။

နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကိုရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်ပါသည်။ သန်းခေါင်စာရင်း၏ ထူးခြားသော အရည်အသွေးတစ်ခုမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင် ဖြစ်ပါသည်။ ကောက်ယူရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ် အဆင့်တိုင်းတွင် ထိရောက်သောဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း၊ အထောက်အထားပေါ် အခြေခံသော ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့အတွက် အဆင့်တိုင်းတွင်မရှိမဖြစ် လိုအပ်ပါသည်။ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များသည် နိုင်ငံတော်၏သယံဇာတရင်းမြစ်များခွဲ​ဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာနယ်နိမိတ်များကို ပြန်လည်ဆန်းစစ်နိုင်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာန များ၊ လမ်းများစသည့် လူမှုအခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်း များအတွက် အသုံးဝင်ပါသည်။ ထို့အပြင် သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ၊ ထောင်စုနှစ်ရည်မှန်းချက်များ၊ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံမှ ချမှတ် ခဲ့သည့် ပန်းတိုင်များစသည့် ပြည်တွင်းပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ဆန်းစစ် လေ့လာရာတွင်လည်း အထောက်အပံ့ဖြစ်စေပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန် လိုအပ်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ စီမံခန့်ခွဲမှုများ၊

စီမံချက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆေင်ရွက်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ဥပဒေအမှတ် (၁၉) တွင် ပြည်သူ့အင်အားဦးစီးဌာနအား သန်းခေါင်စာရင်း ကောက်ယူချိန်တွင် နိုင်ငံအတွင်းရှိ အိမ်ထောင်စုတိုင်း/ လူတိုင်းကို စာရင်းကောက်ယူရန် အာဏာအပ်နှင်းထားပါသည်။ သန်းခေါင်စာရင်းဥပဒေနှင့်အညီ သန်းခေါင်စာရင်း စီမံချက်လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကို စီမံအုပ်ချုပ်မှုအဆင့်အလိုက်ဖွဲ့စည်းခဲ့ပါသည်။ သန်းခေါင် စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးတွင်ပါဝင်သည့် လုပ်ငန်းများအားလုံးကို အကဲဖြတ်တွက်ချက်၍ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းစီမံချက်ကို ၂၀၁၁ ခုနှစ်မှစ၍ရေးဆွဲခဲ့ကြပါသည်။ မြေပုံရေးဆွဲခြင်း၊ စာရင်း ဇယားပြုစုခြင်း၊ သန်းခေါင်စာရင်းနှင့်ဆက်နွှယ်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ၊ ဘဏ္ဍာငွေလိုအပ်ချက်၊ မေးခွန်းပုံစံပြုစုခြင်း၊ လူထုအသိပညာပေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းရလဒ်များ ဆန်းစစ်လေ့လာ ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ထုတ်ပြန်ကြေညာခြင်းလုပ်ငန်းများကို အကဲဖြတ်သုံးသပ်ခဲ့ပါသည်။ အဆိုပါအကဲဖြတ်မှုများကို သန်းခေါင်စာရင်းစီမံချက်တွင် ထည့်သွင်းပေါင်းစပ်ပြီး သန်းခေါင်စာရင်း စီမံချက်ကို အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။

သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် စာရင်းကောက်ကွက်မြေပုံများရေးဆွဲခြင်းလုပ်ငန်းအား ၂၀၁၂ ခုနှစ်၊ ဇွန်လတွင်စတင်ဆောင်ရွက်ခဲ့ပါသည်။ ကောက်ကွက်မြေပုံများရေးဆွဲနိုင်ရန်အတွက် မြေပုံရေးဆွဲ ခြင်းသင်တန်းများကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အရာထမ်းများအားတက်ရောက်စေခဲ့ပါသည်။ သင်တန်းတွင် သန်းခေါင်စာရင်းလုပ်ငန်း၏ ရည်ရွယ်ချက် များ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် မြေပုံများ၏အခန်းကဏ္ဍ၊ ထင်ရှားသော အမှတ်အသားများ အပါအဝင် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် မြေပုံများရေးဆွဲခြင်းသင်တန်းများပေးခဲ့ပါသည်။ တစ်နိုင်ငံလုံးအတွက်မြေပုံများဆက်စပ်ရရှိပြီးနောက် ​မြို့နယ်ပေါင်း (၃၃၀) အတွက် မြေပုံများကိုပုံနှိပ်၍ သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးများသို့ ဖြန့်ဝေခဲ့ ပါသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ သည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုအရေအတွက်နှင့် အဖွဲ့အစည်းလူဦးရေတို့ကို ကောက်ယူခဲ့ပါသည်။ ကောက်ယူရရှိသောအချက်အလက်များပေါ်မူတည်၍ စာရင်းကောက်တစ်ယောက် တာဝန်ယူရမည့် စာရင်းကောက်နယ်နိမိတ်များ သတ်မှတ်ပေးခဲ့ပါသည်။ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၆,၀၀၀) ကျော်အတွက် မြေပုံများရေးဆွဲပေးခဲ့ပါသည်။ စာရင်းကောက်ကွက်စုစုပေါင်း (၈၁,၇၅၀) ခန့်ရှိ ပြီးနိုင်ငံ့ဧရိယာအားလုံးနီးပါးကို လွှမ်းခြုံနိုင်ခဲ့ပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် များရှိ အချို့သောဒေသများတွင် မြေပုံရေးဆွဲရန်အခက်အခဲများရှိသဖြင့် ဂြိုလ်တုဓါတ်ပုံများ၊ မြေပုံ နည်းပညာများအသုံးပြု၍ စာရင်းကောက်ကွက်မြေပုံများရေးဆွဲခဲ့ရပါသည်။

သန်းခေါင်စာရင်းမေးခွန်းပုံစံများနှင့် လက်စွဲစာစောင်များပြုစုခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင်ဆောင်ရွက်ခဲ့ပါသည်။ မေးခွန်းပုံစံပြုစုရာတွင် အချက်အလက်အသုံးပြုသူများနှင့် ညှိနှိုင်းဆွေးနွေးချက်များ၊ ကုလသမဂ္ဂ၏ ၂၀၁၀ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များစာအုပ်နှင့် ယခင်မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အတွေ့အကြုံများကိုအခြေခံ၍ ပြုစုခဲ့ခြင်းဖြစ်ပါသည်။

အိမ်ထောင်စုမေးခွန်းပုံစံသည် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ညသန်းခေါင်ယံ (သန်းခေါင်စာရင်းည) တွင် အိမ်ထောင်စုတိုင်း၌ရှိသည့် လူဦးရေကို သိရှိနိုင်ရန်နှင့် ဖြေဆိုသူတစ်ဦးချင်းစီ၏ လူမှုစီးပွားရေး ဆိုင်ရာ အချက်အလက်များကို စုစည်းကောက်ယူနိုင်ရန်ပြုစုထားပါသည်။ မေးခွန်းပုံစံတွင် အိမ်အခြေအနေ နှင့်အိမ်ထောင်စုဆိုင်ရာ အချက်အလက်များအတွက် မေးခွန်းများလည်းပါဝင်ပါသည်။ ထို့အပြင် ပြည်ပတွင် ရောက်ရှိနေသော အိမ်ထောင်စုဝင်များနှင့် စာရင်းမကောက်ယူမီ (၁၂) လအတွင်း သေဆုံးခဲ့သည့် အိမ်ထောင်စုဝင်တို့နှင့်သက်ဆိုင်သည့် မေးခွန်းများလည်းပါဝင်ပါသည်။ အိမ်ထောင်စုမေးခွန်းပုံစံတွင် မေးခွန်းပေါင်း (၄၁) ချက်ပါဝင်ပါသည်။

အဖွဲ့အစည်းမေးခွန်းပုံစံတွင် အိမ်ထောင်စုမေးခွန်း၏မေးခွန်းများအနက်မှ မေးခွန်း (၁၁) ချက်ကိုသာ ထည့်သွင်းထားပြီး ဆေးရုံ၊ အဆောင်၊ အကျဉ်းထောင်၊ ဘုန်းကြီးကျောင်းနှင့် ဘော်ဒါဆောင် စသည်တို့တွင် နေထိုင်သူများ၊ အိမ်ခြေရာခြေမဲ့များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် လှေဆိပ်၊ ရေဆိပ်တို့၌ ရှိနေသူများ အပါအဝင် အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများကို ကောက်ယူရန်အသုံးပြုပါသည်။သန်းခေါင်စာရင်းမြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သူအများစုမှာ ဆရာ/ဆရာမ များဖြစ်ပါသည်။ ၎င်းတို့ကို ပညာရေးဝန်ကြီးဌာနနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီများမှ ရွေးချယ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ စာရင်းကောက် ဆရာ/ဆရာမများကို တာဝန်ပေးအပ်ရာတွင် ၎င်းတို့ စာရင်းကောက်ယူရမည့်နယ်မြေအတွင်းရှိ ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခြင်းနှင့် ဒေသခံဘာသာ စကားကျွမ်းကျင်မှုရှိခြင်းတို့ကို အခြေခံ၍ တာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။ စာရင်းစစ်/စာရင်းကောက် သင်တန်းများကို အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ သန်းခေါင်စာရင်းကောက်ယူရေးအတွက် သန်းခေါင်စာရင်း ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ကို ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊ သြစတြေးလျစာရင်းအင်းဗျူရို၊ အိန္ဒိယသန်းခေါင်စာရင်းမင်းကြီးရုံး၊ DRS ကုမ္ပဏီ၊ ပြည်သူ့အင်အား ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ သန်းခေါင်စာရင်းကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့အနေဖြင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို လေ့လာသုံးသပ်ခြင်းနှင့် သင်တန်းအစီအစဉ် ပြုစုခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဤအဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်းအများစုပါဝင်သည့် ဗဟိုအဆင့်နည်းပြများကို ရွေးချယ်လေ့ကျင့် သင်တန်းပေးခဲ့ပါသည်။ ဗဟိုအဆင့်နည်းပြများမှတစ်ဆင့် အခြားအစိုးရဌာနများနှင့် တက္ကသိုလ်များမှ အထူးနည်းပြများကို ဆက်လက်လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ အလားတူသင်တန်းများကို အထူး နည်းပြများမှ ခရိုင်နည်းပြများသို့ ဆက်လက်ဆင့်ပွားသင်တန်းများပေးခဲ့ပါသည်။ ခရိုင်နည်းပြများသည် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်များရှိ အထက်တန်းပြ/အလယ်တန်းပြ ဆရာ/ဆရာမများဖြစ်ကြပြီး ၎င်းတို့က မြို့နယ်များတွင် စာရင်းစစ်နှင့် စာရင်းကောက်များကို ဆက်လက်သင်တန်းပို့ချပေးခဲ့ပါသည်။ စာရင်းကောက်များကို (၅) ရက်ကြာလေ့ကျင့်သင်တန်းပေးခဲ့ပြီး စာရင်းစစ်များအတွက်မူ စာရင်းစစ်များ၏ အခန်းကဏ္ဍ၊ ကွင်းဆင်းလုပ်ငန်း၊ ပြန်လည်မေးမြန်းခြင်း၊ ဖြည့်သွင်းပြီးသော မေးခွန်းပုံစံများကို စစ်ဆေး ခြင်း၊ လူမှုဆက်ဆံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်ခန်းစာများကိုဖြည့်စွက်ပို့ချရန် အချိန်တစ်ရက်ပိုယူကာ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

စာရင်းစစ်/စာရင်းကောက်တို့သည် သန်းခေါင်စာရင်းမကောက်မီ (၂) ရက်အလိုတွင် ၎င်းတို့တာဝန်ကျရာစာရင်းကောက်ကွက်အသီးသီးသို့ ရောက်ရှိ၍ စာရင်းကောက်ကွက်နယ်နိမိတ်များကို ကြည့်ရှုခြင်း၊ ကောက်ကွက်အတွင်းရှိ အဆောက်အအုံနှင့် အိမ်ထောင်စုများအားတိုက်ဆိုင်စစ်ဆေးခြင်း၊ လိုအပ်ပါက အဆောက်အအုံစာရင်း (ဆ - ၀၂) အားလက်ရှိ အခြေအနေနှင့်ကိုက်ညီရန်ပြင်ဆင်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ညသန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူရန် ဖြစ်ပါ သည်။ ထိုသို့ စာရင်းကောက်ယူရာတွင် ဟိုတယ်၊ တည်းခိုခန်း၊ ဆေးရုံ၊ ရဲစခန်းနှင့် အကျဉ်းထောင် စသည့်အဖွဲ့အစည်းများရှိလူဦးရေအား သန်းခေါင်စာရင်းညတွင်စာရင်းကောက်ယူနိုင်ရန် မြို့နယ်သန်းခေါင် စာရင်းအရာရှိများမှ ကြိုတင်စီမံမှုများ ပြုလုပ်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းအား သတ်မှတ်ထားသည့် (၁၂) ရက်တာကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းနှင့် ရှမ်းပြည်နယ် မိုင်းလားဒေသတို့တွင် ရာသီဥတုဆိုးဝါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဒေသဆိုင်ရာခေါင်ဆောင်များ၏ ညှိနှိုင်းတောင်းဆို မှုများကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လပထမပတ်မှစတင်၍ စာရင်းကောက်ယူခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် သင်တန်းပေးခြင်းကို ကြိုတင်ပြုလုပ်ခဲ့သော်လည်း စာရင်းကောက် လုပ်ငန်းအား အခြားဒေသများနှင့်တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De-facto) ကို အခြေခံ၍ ကောက်ယူခဲ့ပါသည်။